နွေဦးတော်လှန်ရေး ခရီးကြမ်းမှာ ပြည်သူတွေရဲ့ မေတ္တာတရားဟာ ရဲဘော်တွေအတွက် အကြီးမားဆုံးသော ခွန်အားတစ်ရပ်ပဲ ဖြစ်ပါတယ်။
Spring CrowdFund (SCF) ပလက်ဖောင်းပေါ်မှာ ပထမဆုံးအကြိမ်အဖြစ် (၄၈) နာရီတိတိ ပြုလုပ်ခဲ့တဲ့ “ရဲဘော်များအတွက် အသားဟင်းတစ်နပ်” အထူးကမ်ပိန်းလေးဟာဆိုရင် အလှူရှင်ပြည်သူတွေရဲ့ တခဲနက် ပါဝင်ထောက်ပို့မှုကြောင့် မူလလျာထားတဲ့ ရည်မှန်းချက် Target (၁၀) သိန်းကို ကျော်လွန်ပြီး အလှူငွေ ကျပ် (၂၆) သိန်းခန့်အထိ ရရှိအောင်မြင်ခဲ့ပါတယ်။
- ရဲဘော်တို့သာမက မိသားစုဝင်များဆီပါ စီးဆင်းသွားသော မေတ္တာ
ဒီလို ပြည်သူတွေရဲ့ စုပေါင်းအင်အားကြောင့် အခုဖော်ပြပါ မှတ်တမ်းပုံရိပ်လေးတွေအတိုင်းပဲ တောင်ညိုတပ်ရင်းက မြေပြင်ရဲဘော်တွေအတွက်သာမက၊ ရဲဘော်တွေရဲ့ နောက်တန်းက မိသားစုဝင်တွေကိုပါ အာဟာရဒါနအနေနဲ့ အသားဟင်းတစ်နပ်စီ မျှဝေကျွေးမွေးနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ပြည်သူ့မေတ္တာတွေဟာ ထိထိရောက်ရောက် နွေးနွေးထွေးထွေး စီးဆင်းသွားခဲ့တာပါ။

- တန်ဖိုးမဖြတ်နိုင်သော ခွန်အား
အစစအရာရာ လိုအပ်ချက်တွေများပြီး ခက်ခဲကြမ်းတမ်းလှတဲ့ မြေပြင်အခြေအနေမှာ အခုလို ပြည်သူတွေဖေးမတဲ့ “အသားဟင်းတစ်နပ်” ဟာ သာမန် အာဟာရတစ်ခုထက် အများကြီး ပိုပါတယ်။ ရဲဘော်တွေအတွက် ရှေ့ဆက်ချီတက်ဖို့ ရုပ်ပိုင်းဆိုင်ရာ အာဟာရ ပြည့်ဝစေသလို၊ “ငါတို့နောက်မှာ ပြည်သူတွေ အမြဲရှိနေတယ်” ဆိုတဲ့ တကယ့်ကို တန်ဖိုးမဖြတ်နိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ခွန်အားတွေကိုပါ ပေးစွမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီကမ်ပိန်းလေးကို (၄၈) နာရီဆိုတဲ့ အချိန်တိုလေးအတွင်းမှာ အောင်မြင်အောင် ဝိုင်းဝန်းပံ့ပိုးပေးခဲ့ကြတဲ့ SCF အကြည်ဓာတ်လေးများ တစ်ဦးချင်းစီတိုင်းရဲ့ တော်လှန်မေတ္တာကို အထူးပင် လေးစားဂုဏ်ပြု မှတ်တမ်းတင်အပ်ပါတယ်။
အဆုံးသတ်အောင်ပွဲ ရရှိတဲ့အထိ ကျွန်တော်တို့အားလုံး အတူတကွ ဆက်လက်ချီတက်ကြပါစို့။ ✊






